ခရမ်းလွန်ရောင်ခြည်ကျရောက်မှုသည် မြန်မာနိုင်ငံ၌ လိမ္မော်ရောင်အဆင့်အထိရှိနေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနမှထုတ်ပြန်သည့် အပူဒဏ်အန္တရာယ်သတိပေးချက်အရ သိရသည်။
ယခုနှစ်မတ်လသည် ယခင်နှစ်မတ်လထက်ပိုပူသည်ဟူ ခံစားရခြင်းသည်လည်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုမြင့်မားသည့် အတွက်ကြောင့်ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။
မတ်လ ဒုတိယပတ်အတွင်းတွင်မူ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းသည် အမြင့်ဆုံးအနီရောင် အဆင့်သို့ရောက်လုနီးဖြစ်နေပြီး လက်ရှိတွင် ဒုတိယအမြင့်ဆုံးခရမ်းလွန်ရောင်ခြည်ပါဝင်မှုအညွှန်းကိန်း (၆)မှ(၇) ပြည့်သည့် လိမ္မော်ရောင်အဆင့်ကို ရောက်နေသည်ဟု သိရသည်။
ထိုကဲ့သို့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များ၌ နေရောင်ခြည်နှင့် ထိတွေ့ပါက အရေပြားလောင်ခြင်း၊ အသားအရောင်များ ညိုမည်းလာခြင်းများဖြစ်လာနိုင်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားသည်။
ထိုနည်းတူ နေရောင်ခြည်နှင့် ထိတွေ့မှုများလာသောအခါ အရေပြားများ အရွယ်မတိုင်မီပျက်စီးပြီး အိုမင်းရင့်ရော်မှုမြန်ဆန်ခြင်း၊ ခုခံအားများကျဆင်းလာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြား ကင်ဆာရောဂါများဖြစ်ပွားခြင်း စသည့်ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် နေ့အပူချိန်မြင့်မားသည့် နေ့လယ်ခင်းအချိန်များ၌ နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာများကို မထွက်ကြရန်၊ နေရောင်ထဲ၌ အ လုပ်မလုပ်ကြရန် လိုအပ်သည်ဟုလည်းဆိုသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားသည့် အပူဒဏ်ကာကွယ်ရေးကို အထူးလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။