မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာအဖြစ် ဆုတောင်းမေတ္တာပို့သခဲ့သည်။
ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅ ခုနှစ်ဟုဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့စတင်ရောက်ရှိသည့် မင်္ဂလာရှိသောနေ့ထူးနေ့မြတ်ဖြစ်၍ ကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် ကမ္ဘာသူ၊ကမ္ဘာသားအားလုံးကျရောက်ဆဲ, ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ်အပေါင်းမကောင်းဟူသမျှ ပြစ်ဒေါသတို့မှကင်းစင်ပကြလျက် မိမိတို့အလိုရှိအပ်တောင့်တအပ်သော အတတ်ပညာ၊ စည်းစိမ်ချမ်းသာ၊ ကျော်စောသတင်း၊ မိတ်ကောင်းဆွေကောင်းများရရှိနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့သည်။
ထိုသို့ ရရှိနိုင်ရန် မဃဒေဝလင်္ကာသစ်၌ ဘုရားဟောပါဠိတော်နှင့်အညီမိန့်ဆိုထားသည့်အတိုင်း ပညာရှိထံနည်းနာခံ၍ အတတ်ပညာကိုသင်ယူရန်၊ စည်းစိမ်ချမ်းသာဥစ္စာများရရှိစေနိုင်ရန် ထကြွလုံ့လဝီရိယနှင့် ကြိုးစားလုပ်ဆောင်ရန်၊ ကောင်းသတင်းနှင့် ပြည့်စုံရေးအတွက် စကားကို မှန်ကန်စွာပြောဆို၍ သစ္စာတည်ရန်၊ မိတ်ကောင်းဆွေကောင်းများ ရရှိစေနိုင်ရန် သူတစ်ပါးအပေါ် မေတ္တာထား၍ ပေးကမ်းစွန့်ကြဲရန် မိမိတို့ဘဝ၌ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာနေနိုင်ရေးအတွက် ဤကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ ဆောင်ရွက်ကြရန်လည်း သန်လျင်မင်းကျောင်း ဆရာတော်ကြီးက တိုက်တွန်းနှိုးဆော်မိန့်ကြားခဲ့သည်။