မြန်မာနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့မှုများရှိနေ၍ ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုတိုးမြှင့်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Asia World Port Terminal – AWPT ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
” ဈေးကွက်ရှိပြီးဖြစ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို တိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်ဖို့လိုပါတယ်။ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ဖို့လိုပါတယ်။ မိမိတို့အနေနဲ့ စက်မှုစိုက်ပျိုးရေးထုတ်ကုန်တွေ၊ စားသောက်ကုန်တွေကိုလည်းတင်ပို့နိုင်ပါတယ်။ ထုတ်လုပ်မှုကို အခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။
ထို့ပြင် ဈေးကွက်ရှိပြီးဖြစ်သည့် ရာဘာနှင့် ကော်ဖီထုတ်ကုန်များကို အရည်အသွေးပြည့်မီစွာ တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်တင်ပို့ရန်လိုကာ ထုတ်လုပ်မှုတိုးမြှင့်ရန် စိုက်ဧကများတိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်များတိုးမြှင့်ရရှိရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်ရန်လိုကာ ပန်းတိုင်ရည်မှန်းချက်ပြည့်မီပြီး အထွက်နှုန်းကောင်းမွန်မှသာ ပြည်ပပို့ကုန်များတိုးတက်လာမည်ဟု မှာကြားသည်။
ထို့အတူ ဆီထွက်သီးနှံများကို ပိုမိုတိုးတက်အောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းနေရမှုများကိုလျှော့ချနိုင်မည်ဖြစ်ပြီး ပြောင်းစိုက်ပျိုးရာတွင် ပြောင်းကုန်ကြမ်းများကို ကုန်ကြမ်းအစား တန်ဖိုးမြင့်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် အဆင့်ဆင့်ပြုပြင်ပြောင်းလဲဆောင်ရွက်မှသာလျှင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဟု မှာကြားသည်။
” လုပ်ငန်းရှင်တွေအနေနဲ့ ပြောင်းစက်ရုံတွေတည်ဆောက်ပြီး ပြောင်းထုတ်ကုန် ကုန်ချောထုတ်လုပ်မှုတွေကို အဆင့်အလိုက်ပြောင်းလဲဆောင်ရွက်ရပါမယ်။ ဆန်နဲ့ပတ်သက်ရင်လည်း အရည်အသွေးပြည့်မီတဲ့ ဆန်တွေကိုကြိတ်ခွဲထုတ်လုပ်နိုင်ဖို့လိုပါတယ်။ တန်ဖိုးမြင့်ပြီး အရည်အသွေးပြည့်မီတဲ့ ဆန်တွေကို တင်ပို့နိုင်ရပါမယ်။ သီးထပ်စိုက်ပျိုးခြင်းတွေကို အောင်မြင်အောင်ဆောင်ရွက်ရင် စိုက်ပျိုးရေးထွက်ကုန်တွေ နှစ်ဆတက်လာမှာဖြစ်ပြီး ကုန်ချောထုတ်ကုန်တွေလည်းတိုးတက်လာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့မှုကန့်သတ်ထားခြင်းမရှိ၍ ပြည်ပသို့လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ဆိပ်ကမ်းမှပို့ဆောင်သည့် မော်တော်ယာဉ်များအချိန်မီထွက်ခွာနိုင်ရေးအတွက်လည်း လမ်းကြောင်းများကိုစနစ်တကျ တွက်ချက်ထားရန်လိုကာ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက်လိုအပ်သည်များကို စီမံဆောင်ရွက်ထားရမည်ဟု မှာကြားသည်။
ထို့အတူ ဆိပ်ကမ်းများ မျှမျှတတဖြစ်စေရန် စီမံ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ငွေကြေးကဏ္ဍ၌ ခိုင်မာတောင့်တင်းသည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံနှင့်ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကို တိုက်ရိုက်အထောက်အကူပြုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ၎င်းကိုအခြေခံသည့် ထုတ်ကုန်ပ စ္စည်းထုတ်လုပ်ရေးလုပ်ငန်း(Agro Base Industry)ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းမှာကြားခဲ့သည်။