မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဧည့်မထဆန်များအား စတုတ္ထအကြိမ်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်းမြင့်ဧည့်မထ(၅%)ဆန်အား တင်ပို့ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General Of Food (Ministry of Food) နှင့် မြန်မာနိုင်ငံမှ Myanmar Rice Federation (MRF) တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှုအဖြစ် စတုတ္ထအကြိမ်မြောက် G to G MOU စာချုပ်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တန်ချိန် (၁)သိန်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာချုပ်အရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကြီးကြပ်စီစဉ်ဆောင်ရွက်ခဲ့ပြီး အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီ ( ၃၄ ) ခုမှ စုစုပေါင်း ဆန်တန်ချိန် (၁)သိန်းကို စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရန်ကုန်နှင့်ပုသိမ်ဆိပ်ကမ်းများမှ တင်ပို့လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ ဆန်တန်ချိန်စုစုပေါင်း (၅ဝ၅ဝဝ)တန်အား တင်ပို့ပြီးစီးခဲ့ပြီး ဆက်လက်တင်ပို့ရန် ဆန်တန်ချိန်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်အတွင်း အပြီးတင်ပို့သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G MOU အရ တန်းမြင့် ဧည့်မထ (၅%)ဆန်အား ဆန်ရောင်းဝယ်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှုများအနေဖြင့် ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တန်ချိန်(၁)သိန်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တန်ချိန်(၁)သိန်း နှင့် တတိယအကြိမ်အဖြစ် ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် တန်ချိန်(၂)သိန်း စုစုပေါင်းတန်ချိန် (၄)သိန်းအား အောင်မြင်စွာ တင်ပို့နိုင်ခဲ့ပြီး ယခုစာချုပ်ချုပ်ဆိုမှုသည် စတုတ္ထအကြိမ်တင်ပို့မှုဖြစ်ကြောင်း သိရသည်။