မြန်မာနိုင်ငံအကြပ်အတည်းအတွက် အဖြေရှာရာတွင်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဘုံသဘောတူညီချက် (၅)ချက်နှင့် ကိုက်ညီသည့် အာဆီယံ ဥက္ကဋ္ဌနှင့် အထူးသံတမန်၏ လုပ်ငန်းအပါအဝင် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်း ဥရောပသမဂ္ဂအဖွဲ့ က ဇန်နဝါရီ(၇)ရက်၌ အသိပေးထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၏ အရေးကြီးသောအခန်း ကဏ္ဍကိုလည်း အသိအမှတ်ပြုကြောင်း ထပ်လောင်း အသိပေးထားသည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်နှင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် စစ်မှန်၍ အပြု သဘောဆောင်ကာ အားလုံးအကျုံးဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကိုလည်း ထောက်ခံလျက်ရှိသည်ဟု အသိပေးချက်တွင်ဖော်ပြထားသည်။
ထို့နည်းတူ လက်ရှိ အစိုးရနှင့်မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်မှုများ လျော့ပါးရန်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့် အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန်၊ အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်၊ အမျိုးသမီးများ၊ ကလေ-းသူငယ်များ၊ တိုင်းရင်းသားများနှင့် လူနည်းစုအုပ်စုဝင်များ အပါအဝင် လိုအပ်နေသည့် ပြည်သူအားလုံးအတွက် ဘေးကင်းပြီး အတားအဆီးမဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ အပြည့်အဝ ဝင်ရောက်ခွင့်ကို ခွင့်ပြုပေးရန်လည်း တိုက်တွန်းထားသည်။
အဆိုပါ တိုက်တွန်းအသိပေးချက်များအား ဥရောပသမဂ္ဂကိုယ်စား အဆင်မြင့်ကိုယ်စားလှယ်အပါအဝင် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုးရီးယား၊ ဆွစ်ဇာလန်၊ တီမော-လက်စ်တေး နှင့် ယူနိုက်တက်ကင်းဒမ်းစသည့် နိုင်ငံပေါင်း(၉)နိုင်ငံတို့က ပူးတွဲထုတ်ပြန်သော ကြေညာချက်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူပေါင်း (၃ ဒဿမ ၅) သန်းကျော် အိမ်ယာစွန့်ခွာကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အချို့မှာ နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြရကာ ပြည်သူပေါင်း (၁၅) သန်းကျော် စားနပ်ရိက္ခာမလုံလောက်မှုများနှင့် ရင်ဆိုင်နေကြရကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။