မြန်မာနိုင်ငံ၏ အဆင့်အတန်းအမြင့်ဆုံး ဖူဆယ်လိဂ်ပြိုင်ပွဲများဖြစ်သည့် VITA Max Futsal League (I) 2024-25 နှင့် VITA Max Futsal League (II) 2024- 25 ကို ယခု ဒီဇင်ဘာ (၂၈) ရက်မှစတင်၍ ရန်ကုန်မြို့သုဝဏ္ဏ MFF Futsal Stadium တွင် (၂)လကျော်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊ ဖူဆယ်ကော်မတီထံက သိရသည်။
အဆိုပါ ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်မှ ၂၀ ၂၅ ခုနှစ် မတ်လ (၁၆) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး VITA Max က အဓိက စပွန်ဆာအဖြစ်ကူညီပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း သိရသည်။
VITA Max Futsal League (I) 2024- 25 ပြိုင်ပွဲ၌ အသင်းပေါင်း (၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး VITA Max Futsal League (II) 2024- 25 ပြိုင်ပွဲတွင် အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
VITA Max Futsal League (I) 2024- 25 ပြိုင်ပွဲအား MFF Futsal Official Youtube Channel မှတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သော်လည်း VITA Max Futsal Leag ue (II) 2024- 25 ပွဲစဉ်များကိုတိုက်ရိုက်ထုတ်လွှင့်မည် မဟုတ်ကြောင်း ဖူဆယ်ကော်မတီက အသိပေးထားသည်။
VITA Max Futsal League 2024- 25 ပြိုင်ပွဲများကို ကွင်းအတွင်း လာရောက်ကြည့်ရှု့နိုင်မည်ဖြစ်ကာ ကွင်းဝင်ကြေးများကို တစ်ရက်စာ လက်မှတ် တစ်စောင် ကျပ် (၂၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၅)ရက် မှ (၁၉) ရက် အထိ 2025 AFC Women’s Futsal Asian Cup ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိနေသည်။