မြန်မာနိုင်ငံ၏ အဓိကခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်နှင့် စပ်လျဉ်း၍ အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းအစည်းအဝေးများမှ သိရသည်။
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ (၁၃) ရက်မှ (၁၅) ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
နိုဝင်ဘာ ၁၃ ရက်တွင် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားစျေးကွက်အလားအလာများနှင့် အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍမဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ထည့်သွင်းသင့်သည့်အချက်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်သို့ စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ကွန်ဖရင့်တွင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ ချမှတ်ရေးနှင့် ပါဝင်သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ရေရှည်ဖွံ့ဖြိုးရေးနှင့် စွမ်းအင်အသုံးပြုမှုလျှော့ချရေးအစီအစဉ်များအကြောင်း ဆွေးနွေးခဲ့ကြသည်။ Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီးသင်္ဘောဆိပ်များသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။