မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုဝန်ကြီး က ဒူးမားလွှတ်တော်၊ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၃)ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးတို့ကို တွေ့ဆုံစဉ်အတွင်း အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများလည်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေး ဆွေးနွေးခဲ့ကြသည်။
အလားတူ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။