မြန်မာဘောက်ဆင်သမားများကို လာမည့် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများနှင့် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာဘောက်ဆင်ကော်မရှင် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။
အဆိုပါ နိုင်ငံတကာပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရမည့် မြန်မာဘောက်ဆင် ကစားသမားများအနေဖြင့် မြန်မာဘောက်ဆင်ကော်မရှင်က ကျင်းပပြုလုပ်သည့် PBM 1, PBM 2, PBM 3 ပွဲစဉ်များအတွင်း အနိုင်ရရှိသူများကို စေလွှတ်သွားရန်ရှိသည်ဟု ဆိုသည်။
“ဖေဖော်ဝါရီလပိုင်းမှာ ဂျပန်နိုင်ငံ အိုဆာကာမှာ သွားပြိုင်မှာရှိတယ်။ ပြီးတော့ မတ်လပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာသွားပြိုင်ဖို့လည်း ငါးယောက် လက်ခံ ရရှိထားပါတယ်။ နောက်ပိုင်း JBC နဲ့ လက်တွဲလုပ်တဲ့ပွဲတွေမှာလည်းပါဝင်နိုင်ပြီးတော့ ကစားသမားတွေရဲ့ လက်ရည်ပေါ်မူတည်ပြီး WB C ပွဲတွေအထိ ပါဝင်ယှဉ် ပြိုင်ခိုင်းဖို့အထိရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။
ယခုလ ဇန်နဝါရီ (၂၅)ရက်၌ ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံအတွင်း PBM 3 မြန်မာဘောက်ဆင်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကာ ယင်းပြိုင်ပွဲအတွင်း တွဲဆိုင်း (၁၀)ဆိုင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွဲဆိုင်း(၁၀)ဆိုင်းအနက် ကီလို (၅၀)တန်းအထက်တွဲဆိုင်းများ ပါဝင်မည်ဖြစ်ကာ (၄)ချီ ထိုးသ-တ်ရမည့် တွဲဆိုင်း (၈)ဆိုင်းနှင့် (၆)ထိုးသ-တ်ရမည့်တွဲဆိုင်း (၂)ဆိုင်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။