ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေကယ်ဆယ်ေရးလုပ်ငန်းများ ကို ၁၁ ရက်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် မြို့တော်သို့ ပြန်လည်ရောက်ရှိလာသော ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့ကို သူရဲကောင်းများသဖွယ် ဂုဏ်ပြုကြိုကြသည်။
အင်အား ၅၁ ဦးပါဝင်သော ဟောင်ကောင် ကယ်ဆယ်ရေးအဖွဲ့ကို ဟောင်ကောင်လေဆိပ်တွင် မြို့တော်အကြီးအကဲ John Lee၊ မြန်မာကောင်စစ်ဝန်ချုပ်တို့ အပါအဝင် ထိပ်တန်းတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
မတ်လ ၂၉ ရက်ေန့က ကယ်ဆယ်ရေးမစ်ရှင်အတွက် မြန်မာသို့ ထွက်ခွာသွားခဲ့ကြသည့် ကယ်ဆယ်ရေးသမားများကို အမှုဆောင်အရာရှိချုပ် John Lee Ka-chiu၊ ဟောင်ကောင်ရှိ မြန်မာထိပ်တန်း သံတမန်တို့က သူတို့၏ မိသားစုဝင်များနှင့်အတူ ဟောင်ကောင်လေဆိပ်တွင် ကြိုဆိုရေးအခမ်းအနားဖြင့် ပူးပေါင်းကြိုဆိုခဲ့ကြခြင်းဖြစ်သည်။
၅၁ ဦးပါအဖွဲ့တွင် မီးသတ်ဌာနမှ ကယ်ဆယ်ရေးသမား ၄၁ ဦး၊ လုံခြုံရေးဗျူရိုဝန်ထမ်း လေးဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ ဆေးရုံအာဏာပိုင်အဖွဲ့မှ ဆရာဝန်နှစ်ဦးနှင့် သူနာပြုနှစ်ဦးတို့ ပါဝင်ခဲ့ပြီး ရှာဖွေရေးခွေးနှစ်ကောင်ဖြစ်သည့် Umi နှင့် Twix တို့လည်းကိုလည်း စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာတွင် နေရာ ၅၇ ခု၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ် ၆၁ ခုတွင် ဖြန့်ကျက်ဆောင်ရွက်ခဲ့သည်။ ၎င်းတို့အဖွဲ့သည် ငလျင်ဒဏ်ပြင်းထန်စွာခံခဲ့ရသည့် မန္တလေးမြို့တွင် တရုတ်ပြည်မကြီးမှ ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ လုပ်ငန်းဆောင်ရွက်စဉ် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဟိုတယ်တစ်ခု၏ အပြိုအပျက်များအောက် ပိတ်မိနေသူတစ်ဦးကို တွေ့ရှိခဲ့ပြီး ၁၂၅ နာရီကြာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပြီးနောက် ထိုသူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဖွဲ့၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်း Lee က ပြောကြားခဲ့သည်။
“ဒီကယ်ဆယ်ရေးမစ်ရှင်က စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်၊ နောက်ဆက်တွဲ ငလျင်အန္တရာယ်ကို ရင်ဆိုင်ရတဲ့အပြင် ကယ်ဆယ်ရေးအဖွဲ့ဟာ သဘာဝဘေးအန္တရာယ်ဇုန်အတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု၊ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ အခြေခံအဆောက်အဦတွေ ဆိုးရွားစွာ ပျက်စီးမှုတွေကို ကျော်လွှားခဲ့ရပါတယ်” ဟု သူက ပြောကြားခဲ့သည်။
Ref: အမ်အက်စ်အင်န်