ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က အသိပေးခဲ့သည်။
အဆိုပါ လုပ်ငန်း(၄)မျိုးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်မိသားစုဝင်များအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာသံရုံး၊ ဗန်ကောက်၌(၆)လ တာတွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂)တွင် သားသမီးအမည်စာရင်းထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များကို ဥပဒေနှင့်အညီထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်မှ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ထုတ်ပေးခြင်း၊ အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့်စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် တစ်မျိုးချင်းစီအတွက်လိုအပ်သော စာရွက်စာတမ်း၌ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟုလည်း မြန်မာသံရုံး၊ ဗန်ကောက်မြို့က အသိပေးခဲ့သည်။