လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လာအိုအမျိုးသမီးများအသင်းတို့က ကြီးမှူးကျင်းပသည့် “2024 Tea Party Friendship Day for Female Diplomatic Communities” အခမ်းအနားတွင် မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ ပါဝင်ဆင်နွှဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံးအနေဖြင့် မြန်မာ့ရိုးရာလက်မှုပစ္စည်း အရောင်းပြခန်းနှင့် မြန်မာအစားအစာဆိုင်ခန်းများ ဖွင့်လှစ်ခဲ့ပြီး မြန်မာမှု ရွှေချည်ငွေချည်ထိုး ပန်းချီကားများ၊ လက်ကိုင်အိတ်များ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ပုလဲများ၊ ကနုကမာများနှင့် မြန်မာအစားအသောက်များကို ခင်းကျင်းပြသရောင်းချခဲ့သည်။
အဆိုပါ အခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန၊ International Cooperation and Training Centre (ICTC) တွင် ကျင်းပခဲ့ရာ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲများ၏ ဇနီးများ၊ အမျိုးသမီးဝန်ထမ်းများ၊ သံတမန်အသိုက်အဝန်းမှ အမျိုးသမီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသမီးများအသင်း ဂုဏ်ထူးဆောင်နာယက Madam Mrs. Alouny KOMMASITH က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး အခြားသံရုံးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများကလည်း ရိုးရာ လက်မှုပစ္စည်းများနှင့် အစားအသောက်များကို စည်ကားသိုက်မြိုက်စွာ ပြသရောင်းချခဲ့ကြကြောင်း သိရသည်။