၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို စောင့်ကြည့်လေ့လာရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)၏ တောင်းဆိုချက်အရကမ္ဘောဒီးယားပြည်သူ့ပါတီ(စီပီပီ) က ကိုယ်စားလှယ်တစ်ဖွဲ့စေလွှတ်သွားမည်ဖြစ်သည်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ဖနောင်ပင်မြို့၌ ကျင်းပသည့် အာရှနိုင်ငံရေးပါတီများညီလာခံ(ICAPP) ၏ ၁၂ ကြိမ်မြောက်ညီလာခံ ပြင်ပတွေ့ဆုံမှုအဖြစ် စီပီပီ ဥက္ကဌ ဟွန်ဆန်နှင့် ယူအက်စ်ဒီပီ ဥက္ကဌ ဦးခင်ရီတို့ တွေ့ဆုံခဲ့ကြအပြီးတွင် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စီပီပီ နှင့် ယူအက်စ်ဒီပီ တို့အကြား အပြန်အလှန်ဆက်ဆံရေး ခိုင်မာစေမည့် သဘောတူညီချက်တစ်ခုရရှိရေး တောင်းဆိုမှုကိုလည်း မစ္စတာ ဟွန်ဆန်က သဘောတူညီခဲ့သည်။
လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုရှိသော အလွန်ကောင်းမွန်သော ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဦးခင်ရီက ချီးကျူးခဲ့သည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ICAPP မူဘောင်အတွင်းမှ ကမ္ဘောဒီးယား၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာရာတွင် ပါဝင်ခဲ့ကြပြီး အတွေ့အကြုံကောင်းများစွာ ရရှိခဲ့သည်ဟုလည်း ၎င်းက ပြန်ပြောင်းပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားအထက်လွှတ်တော် ဥက္ကဌ လည်းဖြစ်သူ မစ္စတာဟွန်ဆန်သည် တူကီယေးသမ္မတနိုင်ငံမှ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(AK Parti) ၏ ဒုတိယဥက္ကဌ ဇာဖာ ဆီရာကာယာကို လက်ခံတွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်မှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အလေးအနက်ပြောဆိုခဲ့ကြပြီး ၂၀၁၈ ခုနှစ်က ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များချမှတ်ထားသော နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံသို့ ရောက်ရှိရေးနှင့် ပတ်သက်၍ အကောင်းမြင်သော သဘောထားများပြသခဲ့ကြသည်ဟု ဆိုသည်။
Ref: ပေါ်ပြူလာနူးစ်/ခမာတိုင်းမ်းစ်