၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လက်ဝှေ့(ဘောက်ဆင်)သမားများကို ဂျပန်နိုင်ငံက ပြုလုပ်သည့် ပွဲစဉ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်-မြန်မာ ဘောက်ဆင်ကော်မရှင်တို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မြန်မာဘောက်ဆင် ကော်မရှင်ထံက သိရသည်။
ထို့ပြင် မြန်မာ့ဘောက်ဆင် ကော်မရှင်အနေဖြင့် မကြာမီအချိန်အတွင်း ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)အဖွဲ့ဝင်အနေဖြင့် ပါဝင်သွားမည်ဖြစ်သည်ဟုဆိုသည်။
ထို့ပြင် ကမ္ဘာ့ဘောက်ဆင်ကော်မရှင် (WBC)၏ အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင်လည်း မြန်မာကိုယ်စားပြု နိုင်ငံတော်အလံအား ထည့်သွင်းသွားနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု ကော်မရှင်က ကနဦး အသိပေးထားသည်။
လက်ရှိတွင် WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ၏ နိုင်ငံအလံများထည့်သွင်းထားပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဆောင်ရွက်လျှက်ရှိကာ ဝင်ခွင့်ချက်ရပါက နိုင်ငံ့အလံအားထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
WBC အဖွဲ့ဝင်ခွင့်အား ၂၀၂၅ခုနှစ်ကုန် (သို့မဟုတ်)၂၀၂၆ ခုနှစ်အတွင်း နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး MBC သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း တရားဝင် အသိပေးထား သည်။
ဓာတ်ပုံ- MBC