ငလျင်လှုပ်ခတ်မှုအပြီး အင်တာနက်လိုင်းများပြတ်တောက်သွားခဲ့ပြီးနောက် ပို့ကုန်တင်ပို့မှုအတွက် အခက်အခဲမရှိစေရန် ပို့ကုန်လိုင်စင်မလိုဘဲ ဧပြီတလလုံး ကုန်စည် တင်ပို့ခွင့်ပြုထားကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ပြောပြချက်အရ သိရသည်။
ယင်းကြောင့်ဧပြီတစ်လလုံး ပို့ကုန်ကြေညာလွှာဖြင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခွင့်ပြုနေကြောင်း သိရသည်။
” အဓိက အင်တာနက်တွေမရတော့တာ။ ငလျင်ဖြစ်ပြီးတော့ အင်တာနက်လိုင်းတွေပြတ်ကုန်တာ။ အဲဒါကြောင့် ပို့ကုန်လိုင်စင်တွေကို ခွင့်ပြုထားတာ” ဟုမူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
မတ်လ ၂၈ ရက်တွင် အင်အားပြင်းငလျင်ကြောင့်ဖုန်းလိုင်း၊အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ရသည်။
ယခင်က ပို့ကုန်လိုင်စင်ကို အွန်လိုင်းမှတဆင့်လျှောက်ထားရခြင်းဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုနေခြင်းဖြစ်သည်။