မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာသံအမတ်ကြီးမှ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရေးတို့ကို အလေးပေးပြောကြားခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲအား ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်ရှင်အဖြစ်လက်ခံ၍ ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပပေးခြင်းဖြစ်ကာ စီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။