မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တရုတ်သံအမတ် Ms. Ma Jia တို့သည် ဇန်နဝါရီ ၁၄ ရက်က တနင်္သာရီတိုင်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာအတွေ့အကြုံကူးလူးဖလှယ်မှုနက်ရှိုင်းစေရေး၊ လျှပ်စစ်မီးနှင့်လမ်းများ ကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် သောက်သုံးရေ၊ မိသားစုစက်မှုလက်မှုပစ္စည်းများကဲ့သို့ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တရုတ်သံအမတ်သည် ဇန်နဝါရီ ၁၄ ရက်၌ပင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တွေ့ဆုံ၍ ရင်းနှီးမြုပ်နှံမှု၊ ငါးဖမ်းလုပ်ငန်း၊ လျှပ်စစ်၊ ခရီးသွားလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။