မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ဆွေးနွေးခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ ရုရှားနိုင်ငံသံအမတ်ကြီးအား ယနေ့ မတ် ၂၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၏ ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-ရုရှားနှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ရုရှားနိုင်ငံလွှတ်တော်များသို့ လေ့လာရေးအဖွဲ့များစေလွှတ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကာကွယ်ရေးပိုင်းဆိုင်ရာများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်သွားရေးနှင့် နှစ်နိုင်ငံကြားချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နစက ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံသို့သွားရောက်ခဲ့သည့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် အောင်မြင်သည့်ခရီးစဉ်ဖြစ်ခဲ့မှု၊ ချစ် ကြည်ရေးခရီးစဉ်အတွင်းရရှိခဲ့သည့် သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် ဆွေးနွေးရန်ကျန်ရှိသည့်အချက်များကို ဆက်လက်ဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။