၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များမြန်ဆန်လျက်ရှိ၍ အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။
ထို့ပြင် ယနေ့လဲလှယ်မှုမှ AI ၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များမွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်း၊ စွမ်းရည်များမြှင့်တင်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်နိုင်ပြီး ဒေသတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းတည်ထောင်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည်ကို ယုံကြည်မျှော်လင့်သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က MoU သက်တမ်းတိုးမြှင့်စာများကို အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
အဆိုပါ MoU ကို ၂၀၀၇ ခုနှစ်တွင် စတင်ရေးထိုးခဲ့ပြီး ယခုသက်တမ်းတိုးမှုသည် ပဉ္စမအကြိမ်ဖြစ်ကာ India- Myanmar Center for Enhancement of IT Skills (IMCEITS) သင်တန်းစင်တာကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနှင့် အိန္ဒိယနိုင်ငံရှိ Center for Development of Advanced Computing (C-DAC) တို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်း သင်တန်းစင်တာမှ ၂၀၂၁ ခုနှစ်တွင် AI နှင့် Big Data သင်တန်းများ စတင်ဖွင့်လှစ်ခဲ့ပြီး ထွန်းသစ်စ IT နည်းပညာသင်တန်းများကို ဆက်လက်မြှင့်တင်ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းစင်တာမှ ၂၀၂၄ ခုနှစ်တွင် သင်တန်းအမှတ်စဉ် ၂၇ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းဆင်း IT ပညာရှင် (၂၈၇၃)ဦးအထိမွေးထုတ်နိုင်ခဲ့ကာ အလုပ်အကိုင်ရရှိမှုတွင်လည်း (၉၈)ရာခိုင်နှုန်းရှိသည်။