ယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် မြို့တော်ဝန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်တွင် မဏ္ဍပ်ဆောက်လုပ်၍ ယခုနှစ်တွင် သင်္ကြန်ပွဲတော်ကို ကျင်းပမည်မဟုတ်ကြောင်း သိရသည်။
” မနေ့ညကမှ လှမ်းအကြောင်းကြားတာဖျက်ဖို့။ ဒီနေ့တော့ မြို့တော်ဝန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကိုတော့ အကုန်ဖျက်လိုက်ပြီ။ ပြည်သူ့ရင်ပြင်ထဲမှာတော့ မဟုတ်ဘူး။ အပြင်မှာက မဏ္ဍပ်အသေးလေးတွေလုပ်ထားတာရှိတယ်။ အဲဒါကလည်း နဂိုကတည်းက လျာထားတဲ့ဟာ။ အခုထိတော့ ဘာမှမပြောသေးဘူး။ ဖျက်မဖျက်ကိုလေ” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် လူပေါင်းထောင်ချီသေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ရန်ကုန်တွင် သင်္ကြန်ပွဲတော်ကို တိတ်တဆိတ်သာကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ အနေဖြင့် ပြင်းထန် ငလျင်ဘေး အန္တရာယ်ကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နဲ့ ရှမ်းပြည်နယ်တို့တွင် ပြည်သူအချို့ သေဆုံးထိခိုက် ဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကို ကြုံတွေ့နေရသည့်အတွက် ယခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။