မြောက်ကိုရီးယားနျူလက်နက်ဖျက်သိမ်းရေး ထောက်ခံမည်ဟု ကုလသမဂ္ဂ အကြီးအကဲ ကတိပြု
ဆိုးလ်၊ ဩဂုတ် ၁၂ ရက်
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုးလ်၌ တောင်ကိုရီးယားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် မြောက်ကိုရီးယားရှိ နျူကလီးယားလက်နက်များ အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကြိုးပမ်းနေမှုများကို အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သည်။
“ကိုရီးယားကျွန်းဆွယ်မှာ ပြီးပြည့်စုံပြီး ပြန်လည်နောက်ဆုတ်လို့မရတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ယူအင်န်က အပြည့်အဝထောက်ခံတယ်ဆိုတာကို အခွင့်ရတုန်းလေး ထုတ်ဖော်ပြောကြားလိုပါတယ်၊ အထူးသဖြင့် မြောက်ကိုရီးယားမှာပေါ့၊ နောက်ပြီး ဒီပန်းတိုင်ဟာ ဒေသတွင်း လုံခြုံရေး၊ ငြိမ်းချမ်ရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်” ဟု သမ္မတ ယွန်းဆော့ယိုနှင့် တွေ့ဆုံစဉ် ဂူတာရက်စ် ပြောကြားခဲ့သည်။
မေလ၌ အာဏာရရှိလာခဲ့သည့် ကွန်ဆာဗေးတစ်ပါတီဝင် သမ္မတ ယွန်းက မြောက်ကိုရီးယားနှင့် ပတ်သက်၍ သံတမန်ရေးအရ လမ်းဖွင့်ထားသည့်ဟု ဆိုထားသော်လည်း ပြုံယမ်းအား ၎င်း၏လက်နက်များ အသုံးပြုခြင်းမှ ဟန့်တားရန်အတွက် ခိုင်မာသော စစ်ရေးဆိုင်ရာ အစီအမံများဆောင်ရွက်ရန် ကိုလည်း ကတိပြုခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်အများအပြားကို စံချိန်တင် စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဆိုးလ်နှင့် ဝါရှင်တန်မှ တာဝန်ရှိသူများက မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ ရပ်တန့်ထားသည့် ၎င်း၏ နျူလက်နက် စမ်းသပ်မှုများကို ပြန်လည်စတင်ရန် ပြင်ဆင်နေပုံရသည်ဟု ဆိုသည်။
ပြုံယမ်းသည်လည်း သံတမန်ရေးအရ လမ်းဖွင့်ထားကြောင်း ပြောဆိုထားသော်လည်း အမေရိကနှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကာ ၎င်းတို့၏ ရန်လိုသောမူဝါဒများကို ဆက်လက်ထိန်းသိမ်းထားသည်ဟု စွပ်စွဲထားသည်။
တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဂျင် နှင့်တွေ့ဆုံရာတွင် ဂူတာရက်စ်က မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယားလက်နက်များ ဖျက်သိမ်းပေးရန် ဖျောင်းဖျမည့် သံတမန်ရေးကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
“နျူကလီးယား ကင်းစင်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို စတင်ဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ကြိုဆိုရမှာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့ အပြည့်အဝ ထောက်ခံမှု ရရှိမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: Reuters