မြောက်ကိုရီးယားမှ ရန်စလာပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု တောင်ကိုရီးယားသမ္မတယွန်း သတိပေး
ဆိုးလ်၊ ဇူလိုင် ၆ ရက်
တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်လာမည်ကို စိုးရိမ်နေပြီး အကယ်၍ မြောက်ကိုရီးယားမှ ရန်စမှုတစ်စုံတစ်ရာရှိလာပါက မဆိုင်းမတွဘဲ ချက်ချင်းပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရန် တောင်ကိုရီယားသမ္မတ ယွန်းဆော့ယိုက ၎င်း၏စစ်တပ်အား အမိန့်ပေးထားကြောင်း သိရသည်။
မေလတွင် အာဏာရလာခဲ့သည့် သမ္မတယွန်းသည် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ပထမဆုံးအကြိမ် စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ဟန့်တားရန် အားကောင်းသော စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးစွမ်းဆောင်ရည်များကိုပြင်ဆင်ထားဖို့ပြောကြားခဲ့သည်ဟု သမ္မတရုံးက ဆိုသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ၎င်း၏ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအတွက်လည်း ပြင်ဆင်နေသည်ဟု သိရသည်။
တောင်ကိုရီးယားနှင့် အရှေ့မြောက်အာရှနိုင်ငံများအတွင်း လုံခြုံရေး မတည်မငြိမ်ဖြစ်မှုများ ယခင်ကထက် ပိုမိုကြီးထွားလာသည်နှင့်အမျှ နိုင်ငံ၏လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ခိုင်မာသော ကာကွယ်ရေးစွမ်းရည်များ အသင့်ရှိသင့်ကြောင်း သမ္မတယွန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည်အပတ်၌ သမ္မတယွန်းသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ တို့နှင့် နေတိုးအစည်းအဝေးပြင်ပမှာ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားအပေါ် တိုးချဲ့ဟန့်တားမှုများ ပိုမိုပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။
Source: Reuters