e-ID စနစ်တွင် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အွန်လိုင်း မှတဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရသည်။
စစ်ဆေးရာတွင် အွန်လိုင်းအပလီကေးရှင်းကို အသုံးပြုကာ စစ်ဆေးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ဦးစီးဌာန (e-ID Department)က ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၌ ပါရှိသည့် ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)၌ ပါရှိသည့် အချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ကာ အချက်အလက်လုံခြုံမှု ရှိစေရေးအတွက် ကာယကံရှင်ကိုယ်တိုင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။
စစ်ဆေးမှုအတွက် မှန်ကန်မှု ရှိ၊မရှိ အကြောင်းပြန်ကြားပေးရာ၌ Data Privacy အရ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ဖော်ပြပေးမည် မဟုတ်ဘဲ မှန်ကန်မှု ရှိ၊ မရှိ အခြေအနေကိုသာ အကြောင်းပြန်ကြားပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ဆေးလိုသူများအနေဖြင့် https://service.eid.gov.mm ၌ တိုက်ဆိုင်စစ်ဆေးနိုင်ပြီး အွန်လိုင်း အပလီကေးရှင်းအသုံးပြုနည်း လမ်းညွှန်ကိုလည်း e-ID Department Facebook Page ၌ ဖော်ပြထားကြောင်း သိရသည်။