ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ အကျဉ်းသားလူငယ်များမှာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅)တန်းခွဲ စာစစ်ဌာနတွင် ဖြေဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။
ယမန်နေ့ မတ်လ (၂၀)ရက်၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အကျဉ်းထောင်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့ပြင် အကျဉ်းထောင်အတွင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်း ထောင်/အချုပ် ထောင်အသီးသီးတွင် ပညာတစ်ပိုင်းတစ်စဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားမှုတို့ကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၇) ရက်မှ မတ်လ (၂၂)ရက်အထိ ကျင်းပနေကာ မန္တလေးတိုင်းအတွင်း စာစစ်ဌာန (၈၉) ခု ဖွင့်လှစ်ထားပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသူ (၃၅,၅၀၀) ဦး၊ ဖြေဆိုသူ (၃၄ ,၂၆၆)ဦး၊ ပျက်ကွက် (၁,၂၃၄) ဦးရှိပြီး ဖြေဆိုမှု ၉၆ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။