ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်တွင် မြို့နယ်(၆)ခု၌ ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု အသိပေးခဲ့သည်။
YESC စီမံရေးဌာန၊ ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲ၏ 66kV သာကေတ – ကျိုက္ကဆံ(၂)ဓာတ်အားလိုင်းအား ဓာတ်အားလွှတ်ရန်နှင့် 66kV သာကေတ – ပုသိမ်ညွန့်ဖီဒါမှ 66kV သာကေတ – တာမွေဖီဒါ ခွဲထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ Insulator များအား အစားထိုးလဲလှယ်ခြင်းနှင့် မြေအောက်ဓာတ်ကြိုးများဆက်သွယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ချိန်၌ 66kV သာကေတ – ပုသိမ်ညွန့်ဓာတ်အားလိုင်းအား နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လျှပ်စစ်ဓာတ်အားယာယီပိတ်ထားမည်ဟု အသိပေးခဲ့သည်။
ထို့ကြောင့် သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် တာမွေမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်၍ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။