ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအနက် ယာဉ်စီးနှင်းသူများ၏ ချီးကျူးမှုခံရသည့် ယာဉ်မောင်းများကို ဆုများချီးမြင့်ရန် စီစဉ်နေကြောင်း သိရသည်။
ချီးမြှင့်ပေးအပ်မည့် ဆုများတွင် တာဝန်သိယာဉ်မောင်းဆု၊ စံပြယာဉ်မောင်းဆု၊ လူမှုကွန်ရက်တွင် ခရီးသွားပြည်သူများ၏ ချီးကျူးမှုခံရသည့် ယာဉ်မောင်းဆုများ ပါဝင်နေသည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
ဆုများအနက် တာဝန်သိယာဉ်မောင်းဆုမှာ ခရီးသည်များ၏ ပစ္စည်းမေ့ကျန်မှုအပေါ် တာဝန်သိစွာပစ္စည်းပြန်လည်ပေးအပ်သော ယာဉ်မောင်းများကို ရွေးချယ်ဆုပေးမည်ဖြစ်ကာ စံပြယာဉ်မောင်းဆုသည် သက်ဆိုင်ရာယာဉ်လိုင်းကုမ္ပဏီများမှ ရွေးချယ်တင်ပြလာသည့်အပေါ် ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။
ထို့အပြင် လူမှုကွန်ရက်တွင် ခရီးသွားပြည်သူများ၏ ချီးကျူးခြင်းခံရသော ယာဉ်မောင်းများကိုလည်း ချီးမြှင့်မည်ဖြစ်ကာ ယင်းဆုချီးမြှင့်ခြင်းကို လာမည့် ဇန်နဝါရီလအတွင်း YBS ပြေးဆွဲမှုနှစ်ပတ်လည်ရက်၌ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆုများအားလုံးကို YRTC ၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ယာဉ်အသွားအလာမှတ်တမ်းများဖြင့် စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယာဉ်စည်းကမ်းလိုက်နာသူကိုသာ အဓိကထား ရွေးချယ်၍ ဆုချီးမြှင့်မည်ဟုလည်း သိရသည်။