ယူကရိန်းရှိ Mc.Donald’s ဆိုင်များ မကြာမီ ပြန်ဖွင့်မည်
ရုရှားနှင့်ပဋိပက္ခများကြားမှပင် အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများကယူကရိ န်းသို့ပြန်လည်ခြေချလာမှု၏ ကနဉီးပြယုဂ်အနေဖြင့် Mc.Donald’s ဆိုင်များကို ယူကရိန်း၌လာမည့်လအနည်းငယ်အတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဟု တာဝန်ရှိသူများက ဩဂုတ်လ (၁၁) ရက်ကပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ဘာဂါဆိုင်လုပ်ငန်းဖြစ်သည့် Mc.Donald’s သည် ရုရှား ယူကရိန်းပဋိပက္ခကြောင့် ယူကရိန်းနှင့် ရုရှားရှိ၎င်း၏ဆိုင်ခွဲများကို မတ်လကပိတ်သိမ်းခဲ့သည်။
Mc.Donald’s သည် ယူကရိန်းတွင် ဆိုင်ခွဲပေါင်း ၁၀၉ ဆိုင်ရှိပြီး ဆိုင်အရေအတွက် မည်မျှပြန်ဖွင့်မည်ဆိုသည့်အချက်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။ ရုရှားတွင်မူ ဆိုင်ခွဲပေါင်း ၈၀၅ ဆိုင်ရှိသည့်အနက် အများစုကို မေလကတည်းက ရုရှားရှိဒေသလုပ်ငန်းလိုင်စင်ရှိသူထံ ရောင်းချခဲ့ပြီးဖြစ်သည်။
“ယူကရိန်းအရာရှိများ၊ ပေးသွင်းသူများ ၊ လုံခြုံရေးကျွမ်းကျင်သူများနှင့် သေသေချာချာညှိနှိုင်းဆွေးနေွးပြီးမှ ဝန်ထမ်းတွေရဲ့လုပ်ငန်းခွင်ပြန်ဝင်လိုမှု စတာတွေကို ထည့်သွင်းစဉ်းစားပြီး ဆိုင်ပြန်ဖွင့်ကိုဆုံးဖြတ်ခဲ့တာပါ” ဟု Mc.Donald’s ၏အပြည်ပြည်ဆိုင်ရာ ဈေးကွက်အကြီးအကဲ Paul Pomroy က ဝန်ထမ်းများအားပြောကြားခဲ့သည်။
Mc.Donald’s က စားသောက်ဆိုင်များသို့ ကုန်ပစ္စည်းများရောက်ရှိရန်နှင့် ဝန်ထမ်းများအားလုံခြုံရေး တိုးမြှင့်ပေးရန်အတွက် ပေးသွင်းသူများနှင့်လက်တွဲလုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့သည်။
ဘာဂါဆိုင်ခွဲများကို ပဋိပက္ခများနည်းပါးရာဒေသများဖြစ်သည့် ကိဗ်နှင့်ယူကရိန်းအနောက်ပိုင်းဒေသများတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်ဟုဆိုသည်။
ယခုနှစ်အစောပိုင်းကလည်း ယူကရိန်းအစိုးရသည် စစ်ဒဏ်ခံခဲ့ရသောဒေသများမှ စီးပွားရေးလုပ်ငန်းများကို အနောက်အုပ်စုသို့ ရွှေ့ပြောင်းရန်အစီအစဉ်ကိုစတင်ခဲ့ပြီး ၎င်း၏စီးပွားရေးကို ထပ်မံမပျက်စီးစေဖို့ တားဆီးရန်ကြိုးပမ်းခဲ့သည်။
KFC နှင့် Pizza Hut ပိုင်ရှင် Yum Brands ကမူ ယခုလအစောပိုင်းကတည်းက ယူကရိန်းနိုင်ငံတွင်းရှိ ၎င်း၏ဆိုင်များအားလုံးနီးပါးကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Source – Reuters/lk