သုံးနှစ်ကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းများနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ယခုသီတင်းပတ်တွင် ဆွေးနွေးပြောဆိုရန် မျှော်လင့်ထားကြောင်း ရုရှားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်က စီအင်န်အင်န်ကို ပြောကြားသည်။ မော်စကိုတွင် ပူတင်နှင့် တွေ့ဆုံမှုသည် အပြုသဘောဆောင်သည့် တွေ့ဆုံမှုဖြစ်ခဲ့သည်ဟုလည်း သူက ပြောဆိုခဲ့သည်။
“ဒီသီတင်းပတ်မှာ သမ္မတ နှစ်ဦးစလုံးနဲ့ ဖုန်းခေါ်ဆိုမှုရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ယူကရိန်းတာဝန်ရှိသူတွေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးတာတွေ ဆက်လုပ်နေပါတယ်” ဟု မတ် ၁၃ ရက်ညပိုင်းက မစ္စတာ ပူတင်နှင့် တွေ့ဆုံထားခဲ့သော မစ္စတာ ဝစ်ကော့ဗ်က ပြောကြားခဲ့သည်။ မစ္စတာ ပူတင်နှင့် မစ္စတာ ထရမ့်ပ်တို့ ဆွေးနွေးပြောဆိုမှုသည် အလွန်အဆင်ပြေကာ အပြုသဘောဆောင်လိမ့်မည်ဟု သူ ယူဆကြောင်းလည်း ဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ယူကရိန်းဘက်က လက်ခံထားခဲ့သော ရက် ၃၀ အပစ်ရပ်စဲရေး အဆိုပြုချက်ကို ပူတင်၏ အတည်ပြုထောက်ခံချက်ရရန် ထရမ့်ပ်က ကြိုးပမ်းနေသည်။ လက်ရှိတွင် နှစ်ဖက်စလုံးသည် လေကြောင်းတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဆက်လုပ်နေကြပြီး မော်စကိုသည် ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသတွင် လများစွာကြာ ခြေကုပ်ယူနေသည့် ယူကရိန်းတပ်များကို တိုက်ထုတ်နိုင်ရန် အခြေအနေနီးကပ်လာပြီဖြစ်သည်။
Ref: သည်စထရိတ်တိုင်းမ်စ်