စိန့်ပီတာစဘတ်ခ်၊ဧပြီ ၁၁
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းပဋိပက္ခကို ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် သောကြာနေ့ကတွေ့ဆုံခဲ့ကြောင်းသိရ သည်။
အဆိုပါအစည်းအဝေး၌ ယူကရိန်းကိစ္စ ဖြေရှင်းရေး အတွက် ရှုထောင့် အမျိုးမျိုး အဖုံဖုံကိုသာ အဓိကထားပြီး ဆွေးနွေးခဲ့သည်ဟု ခရမ္မလင်က သတင်း ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ ခြင်းမရှိပေ။
အဆိုပါဆွေးနွေးပွဲကို တံခါးပိတ်ကျင်းပခဲ့ကြောင်းခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကအစောပိုင်းကပြောကြားခဲ့ပြီး ယူကရိန်းအရေးနှင့် ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ကြမည်ဟုဆိုသည်။ သို့ရာတွင် ဆွေးနွေးပွဲသည် ထူးခြားသော ရလဒ်ရမည်ဟု မမျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝစ်ကော့ဖ်သည် သမ္မတပူတင်နှင့်မတွေ့မီ ပြည်ပနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရုရှားသမ္မတ၏အထူးသံတမန်ဖြစ်သကဲ့သို့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ အကြီးအကဲလည်းဖြစ်သည့် ကီရီဒီမစ်ထရီနှင့်လည်းတွေ့ဆုံခဲ့သည်။ အဆိုပါဆွေးနွေးမှုများသည် အကျိုးဖြစ်ထွန်းခဲ့သည်ဟုလည်း ဒီမစ်ထရီက နောက်ပိုင်း၌ ပြောကြားခဲ့သည်။
ရုရှားသတင်းအေဂျင်စီ တာ့စ် ၏ဖော်ပြချက်အရဝစ်ကော့ဖ်သည် သောကြာနေ့နံနက်တွင် အလုပ်သဘောခရီးစဥ်အဖြစ် ရုရှားနိုင်ငံသို့ရောက်ရှိလာပြီး ညနေ အနှောင်းပိုင်းတွင် စိန့်ပီတာစဘတ်ခ်မှထွက်ခွာသွားခဲ့သည်ဟုသိရသည်။
Source : ရှင်းဟွာ