မူဝါဒပိုင်းအရ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲမှုများရှိနေသော်လည်း ချောမွေ့သော အာဏာလွှဲပြောင်းမှုဖြစ်ရေး ရည်ရွယ်လျှက် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြစဉ် ကာလကြာရှည်စွာ နိုင်ငံရေးပြိုင်ဘက်များဖြစ်သည့် အမေရိက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းအရေးများကို ယမန်နေ့တွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ ဆွေးနွေးခဲ့ကြသည်။
“နိုင်ငံတော်နှင့် ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ နိုင်ငံတော်လုံးခြုံရေးနဲ့ ပြည်တွင်းမူဝါဒရေးရာ ကိစ္စရပ်တွေကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်း ရွန်ပြဲ က သတင်းထောက်များကို ပြောကြားခဲ့ပြီး အလွန်ရင်းရင်းနှီးနွေးထွေးမှုရှိကာ အဓိပ္ပာယ်ရှိသော ဆွေးနွေးမှုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။ ဆွေးနွေးမှုသည် အကြမ်းအားဖြင့် ၂ နာရီခန့်ကြာခဲ့သည်ဟုလည်း သူက ပြောဆိုသည်။
ခိုင်မာပြီး တည်ငြိမ်သော ဥရောပအဖြစ်ရှိနေခြင်းသည် အမေရိကကို စစ်ပွဲအတွင်းမရောက်အောင် ထိန်းထားနိုင်သည့်အတွက် ယူကရိန်းကို ထောက်ခံပံ့ပိုးခြင်းသည် အမေရိကန်နိုင်ငံတော်လုံခြုံရေးအတွက် မှန်ကန်ကောင်းမွန်သည်ဟု မစ္စတာဘိုင်ဒင်က ပြောကြားခဲ့သည်ဟု အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
မစ္စတာထရမ့်ပ်သည် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးကို အလျင်အမြန်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ပြီး မည်သို့မည်ပုံလုပ်ဆောင်မည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မပြောကြားခဲပေ။
အိမ်ဖြူတော်တွင် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံစဉ် အရှေ့အလယ်ပိုင်းအရေးနှင့် ပတ်သက်၍ အတော်များများပြောဖြစ်ခဲ့ကြကြောင်း မစ္စတာထရမ့်ပ်က နူးယော့ခ်ပို့စ်ကို ပြောကြားသည်။ ယင်းဒေသတွင် မိမိတို့၏ လက်ရှိအခြေအနေအပေါ် သူ၏ အမြင်ကို မေးမြန်းဖြစ်ခဲ့ကြောင်းနှင့် သူက အလွန်လိုလိုလားလားပင် မိမိကို ရှင်းပြပြောဆိုခဲ့ကြောင်း ထရမ့်ပ်က ဆိုခဲ့သည်။
ဒီမိုကရက်တစ်ဦးဖြစ်သူ မစ္စတာဘိုင်ဒင်သည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မစ္စတာထရမ့်ပ်ကို အနိုင်ရရှိခဲ့သော်လည်း စကားစစ်ထိုးမှုစွမ်းဆောင်ရည် အားနည်းမှုကြောင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ ပြန်လည်အရွေးခံရန်ကြိုးပမ်းမှုမှ နုတ်ထွက်ခဲ့ရသည်။ သူ့နေရာကို ဒုတိယ သမ္မတ ကမ်မလာဟဲရစ်က အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ထရမ့်ပ်ကို ရှုံးနိမ့်ခဲ့သည်။
Ref: အာတီအီး