ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆူးနက်ခ်သည် ၎င်းတို့အနေဖြင့် ယူကရိန်းအနိုင်ရသည်အထိ ဆက်လက်အားပေးကူညီမည်ဖြစ်ကြောင်း ယူကရိန်းသို့သွားရောက်စဉ်ကပြောကြားခဲ့သည်။
ကိဗ်၌ကျင်းပပြုလုပ်ခဲ့သော သမ္မတဇလန်းစကီးနှင့်ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ၎င်းအနေဖြင့် ကိဗ်နှင့်ထိုက်တန်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးရသည်အထိ ယူကရိန်းဘက်မှရပ်တည်ကူညီသွားမည်ဟု ပြောကြားခဲ့သည်။
ယူကေ၏ထုတ်ပြန်ချက်အရ ယူကရိန်းအတွက် ပေါင်သန်း ၅၀ တန်သော လေကြောင်းကာကွယ်ရေးအကူအညီအားပေးအပ်မည်ဖြစ်ပြီး အဆိုပါအကူအညီတွင် လေယာဉ်သေနတ်အလက် ၁၂၀၊ရေဒါနှင့်ဒရုန်းဆန့်ကျင်ရေးကိရိယာများပါဝင်ကြောင်း ဆူးနက်ခ်ကပြောကြားခဲ့သည်။
ဆက်လက်၍လည်း ယူကရိန်းပြည်သူများ၏အညံ့မခံတိုက်ပွဲဝင်နေသော ရဲဝံ့သည့်လုပ်ရပ်အတွက် ချီးကျူးမိကြောင်းလည်းပြောကြားခဲ့သည်။
ယင်းနောက်၎င်းတို့နှစ်ဦးသည် ဥရောပနှင့်ယူကရိန်းတို့၏ စွမ်းအင်ဖူလုံရေးကိုကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ယူကရိန်းအတွက် ဗြိတိန်၏စွမ်းဆောင်ပေးနိုင်မှုများနှင့် ယေဘုယျပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
၎င်းနောက်သမ္မတဇလန်းစကီးက ယူကရိန်းအနားတွင် ဆူးနက်ခ်တို့ကဲ့သို့သော အသိမိတ်ဆွေများရှိနေခြင်းက အောင်ပွဲအတွက်ပိုမိုခိုင်မာစေသည်ဟုလည်း တွစ်တာတွင်ရေးသားခဲ့သည်။
Source : AFP
Photo :AFP