စွပ်စွဲပြစ်တင်ခံ သမ္မတယွန်းဆွတ်ယိုးလ်၏ အမှုကို ဧပြီလ ၄ ရက်နေ့၌ တရားရုံးက စီရင်ချက်ချမှတ်ချိန်တွင် အကြမ်းဖက်မှုများ ဖြစ်မလာစေရေးအတွက် တောင်ကိုရီးယားရဲတပ်ဖွဲ့က ရနိုင်သမျှ အရင်းအမြစ်အားလုံးကို စုစည်းသွားမည်ဖြစ်ကာ ထိပ်တန်းခရီးသွားနေရာများကို ပိတ်ထားလိုက်ပြီး သံရုံးများကလည်း ယင်းကိစ္စနှင့် ကင်းကင်းရှင်းရှင်းနေရန် ၎င်းတို့၏ နိုင်ငံသားများကို သတိပေးထားသည်။
လွတ်တော်အမတ်များက ရာထူးဆိုင်းငံ့ထားရန် ဆုံးဖြတ်ထားပြီး ဆူပူအုံကြွမှုစွဲချက်များဖြင့် ဖမ်းဆီးခံထားရသော ယွန်းသည် ၎င်း၏ မအောင်မြင်သော စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကသူ့ကို ရာထူးမှ ဖယ်ရှားမည်၊ မဖယ်ရှားဘူးဆိုသည်ကို စီရင်ချက်ချတော့မည်ဖြစ်သည်။
ပဋိပက္ခများ ဖြစ်လာနိုင်ခြေကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့က ဧပြီလ ၁ ရက်နေ့တွင် လမ်းများကို ပိတ်ထားလိုက်သည့်တိုင် ဆိုးလ်မြို့လယ်ရှိ တရားရုံးအနီး ဧရိယာတွင်ဆန္ဒပြပွဲများသည် အဆက်မပြတ်ဖြစ်ပေါ်နေကာ တရားရုံးသည် အဓိက ပစ်မှတ်ဖြစ်လာခဲ့သည်။
“အခြေအနေက အရင်ကထက် ပိုဆိုးလာတယ်” ဟု ကိုရီးယား နိုင်ငံတော်ရဲဌာနအကြီးအကဲ လီဟိုယန်းက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။
မစ္စတာ ယွန်းကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာသည် သီတင်းပတ်ကုန်တိုင်းတွင် ဆိုးလ်မြို့ လမ်းများပေါ်ထွက်လာကာ လမ်းတစ်ဖက်တစ်ချက်စီတွင် ယာယီတဲစခန်းများဖွင့်ကာ ညလုံးပေါက် ဆန္ဒပြမှုများ ပြုလုပ်ကြသည်။
မည်သို့ စီရင်ချက်ချသည်ဖြစ်စေ လူအချို့သည် ဆူပူအကြမ်းဖက် ဆန္ဒပြမှုများတွင် ပါဝင်လာနိုင်သည်ဟု မစ္စတာလီက ထိပ်တန်းရဲအရာရှိများ၏ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဇန်နဝါရီလအတွင်းက ရာထူးဆိုင်းငံ့ထားသော သမ္မတ၏ ထိန်းသိမ်းကာလကို သက်တမ်းတိုးရန် တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီးနောက် မစ္စတာယွန်းကို ထောက်ခံသူများသည် တရားရုံးအဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ နောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းအရ မစ္စတာယွန်းကို အချုပ်အနှောင်မှ လွှတ်ပေးခဲ့သည်။
“ရဲတပ်ဖွဲ့ဟာ ပြည်သူတွေ ဘေးကင်းစေဖို့နဲ့ ပြင်းထန်တဲ့ လူမှုရေးပဋိပက္ခတွေ ပေါ်ပေါက်မလာအောင် အခြေအနေကို တားဆီးဖို့အတွက် ရနိုင်တဲ့အရင်းအမြစ်အားလုံးကို စုစည်းသွားပါမယ်” ဟု မစ္စတာလီက ပြောဆိုသည်။
ဆိုးလ်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ကျော်ကိုတာဝန် ချထားမည်ဖြစ်ကြောင်း သိရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်