ရခိုင်တွင် လေပြင်းများကြောင့် ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေ၅စီးနစ်မြှပ်
မေလ၂၁ရက်နေ့ညနေ ၃ နာရီခွဲချိန်ခန့်က ရခိုင်ပြည်နယ်ကျွန်းသာယာကျွန်းစခန်း၏ အနောက်မြောက်ဘက် ရေမိုင်(၃၁)မိုင်ခန့်အကွာတွင် ငါးဖမ်းခြင်းလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့်ငါးဖမ်းစက်လှေများထဲမှ ၅စီး မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းများတိုက်ခတ်မှုကြောင့် နစ်မြှပ်သွားခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နစ်မြုပ်ခဲ့သော စက်လှေများမှာ ကျွန်းသာယာကျေးရွာမှ စက်လှေ(၃)စီး၊ ပြင်ဝိုင်းကျေးရွာမှ (၂)စီး၊ စုစုပေါင်း (၅)စီးဖြစ်သည်ဟုသိရသည်။
၄င်းငါးဖမ်းစက်လှေများမှ လှေသမား(၁၃)ဦး ငါးဖမ်းစက်လှေနှင့်အတူ နစ်မြုပ်သွားခဲ့ရာ လှေသမား(၅)အား ပြန်လည်ကယ်ဆယ်ရှာဖွေတွေ့ရှိခဲ့ပြီး လှေသမား (၈)ဉီးမှာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေသဖြင့် ပျောက်ဆုံး စက်လှေသမားများအား အနီးတစ်ဝိုက်ရှိငါးဖမ်းစက်လှေများဖြင့် ကယ်ဆယ်ရန်လိုက်လံရှာဖွေခဲ့ရာ ပျောက်ဆုံး စက်လှေသမား(၈)ဉီး အား တွေ့ရှိခဲ့ပြီး ည ၁၀ နာရီခွဲခန့်တွင် သက်ဆိုင်ရာရွာများသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာရှိ ဦးနေလင်း(ဘ)ဦး ဦးလှရွှေဦး၏နေအိမ်ပေါ်သို့ ခြံထဲရှိ အုန်းပင်(၁)ပင် လှဲကျ သဖြင့် စုစုပေါင်းတန်ဖိုး(ကာလတန်ဖိုး ၉၃၅၀၀၀)ကျပ် နေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
မြေပုံမြို့နယ်၊ ငပသုန်ကျွန်း၊ နှာခေါင်းပေါက်အနီးတွင်လည်း စက်လှေအချို့ နစ်မြုပ်ခဲ့ကြောင်းသိရပြီး လူသေဆုံးမှုမရှိကြောင်း သိရသည်။