ရခိုင်ပြည်နယ်အမ်းမြို့အနီးရှိ တိုက်ပွဲရှောင်များနေရပ်သို့ပြန်ကြပြီ
ပြည်နယ်အတွင်း တိုက်ပွဲများကြောင့်နေရပ်တိမ်းရှောင်နေကြရသည့် အမ်းမြို့အနီးရှိ တိုက်ပွဲရှောင်များနေရပ်သို့ပြန်ကြပြီဟု သိရသည်။
ယခုနေရပ်ပြန်ကြသူများမှာ အမ်းမြို့နယ်၊ ပဲပဒုံကျေးရွာအနီးရှိ တိုက်ပွဲရှောင်စခန်းများနှင့်ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြသူများဖြစ်ကြကာအမ်းမြို့နယ်၊ ကဇူးကိုင်း အုပ်စုနှင့် ဒလက်အုပ်စုများတွင်နေထိုင်ကြသည့် ဒေသခံများဖြစ်သည်။
မတ်လ၂၉ရက်နေ့နံနက်ပိုင်း ၉ နာရီခန့်က အမ်းမြို့နယ်၊ ပဲပဒုံကျေးရွာအနီးရှိ အမှတ်(၁)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၄၆ စု၊ အမ်းမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အမှတ်(၂)တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၁၀၆ စု၊ လေယာဉ်ကွင်းရပ်ကွက်ရှိ ဆွေမျိုးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု ၃၈ စု၊ ဈေးရပ်ကွက်ရှိ ဆွေမျိုးများ၏နေအိမ်၌ နေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု ၇၅ စုနှင့် ကမ်းဒိတ်ဓမ္မာရုံ၌ နေထိုင်လျက်ရှိသော တိုက်ပွဲရှောင် အိမ်ထောင်စု ၆ စု၊ စုစုပေါင်း တိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇ စု၊ လူဦးရေ စုစုပေါင်း ၁၃၈၁ ဦးတို့ နေရပ်ပြန်ကြခြင်းဖြစ်သည်။
တိုက်ပွဲရှောင်များသည် အမှတ်(၂)တိုက်ပွဲရှောင်စခန်း၌ စုစည်းခဲ့ပြီး ပုဂ္ဂလိကမော်တော်ယာဉ် ၁၈ စီးဖြင့် ၎င်းတို့နေထိုင်ခဲ့သည့် အမ်းမြို့နယ်၊ ကဇူးကိုင်း အုပ်စုနှင့် ဒလက်အုပ်စုများသို့ ပြန်လည်ထွက်ခွါသွားကြကြောင်းသိရသည်။