ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရေးနည်းလမ်းရှာဖွေဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၅ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Asia World Port Terminal – AWPT ဆိပ်ကမ်းတွင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍစွမ်းဆောင်နိုင်မှုနှင့် ကုန်သွယ်မှုဆိုင်ရာများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ယခင်က မြန်မာနိုင်ငံမှဆိပ်ကမ်းသည် အရှေ့တောင်အာရှတွင် ပို့ကုန်များအဓိကတင်ပို့သည့် ဆိပ်ကမ်းတစ်ခုဖြစ်ခဲ့ပြီး ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် ပို့ကုန်များတင်ပို့မှုလျော့နည်းလျက်ရှိ၍ မိမိတို့အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကန့်သတ်ချက်များကိုကျော်လွှား၍ ပို့ကုန်များပိုမိုတင်ပို့နိုင်ရန် နည်းလမ်းရှာဖွေဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် သင်္ဘောများ ဆိုက်ကပ်ခွင့်ခွဲဝေပေးရာတွင် ဆိပ်ကမ်းများ၌မျှ၍ ဆိုက်ကပ်ခွင့်ပေးရန်လိုကာ ဝင်ရောက်လာသည့် သင်္ဘောအမျိုးအစားများအလိုက်၊ အရွယ်အစားအလိုက် ဆိပ်ကမ်းများတွင်ဆိုက်ကပ်ခွင့်အားစဉ်းစားဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းပြီးစီးသွားပါက ဖြစ်ပေါ်လာနိုင်မည့် သင်္ဘောဝင်/ထွက်ကန့်သတ်မှုများကို ကြိုတင်တွက်ဆပြင်ဆင်ထားရမည်ဟုလည်း မှာကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ နောက်ခံသမိုင်းအကျဉ်း၊ မူဝါဒများ၊ မြန်မာ့ဆိပ်ကမ်းများ၊ နှစ်အလိုက်ဆိပ်ကမ်းတံတားများတိုးတက်လာမှု၊ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းဧရိယာတို့ရှိ ဆိပ်ကမ်းတံတားများ၊ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုအခြေအနေအကျဉ်းချုပ်၊ ပြည်ပသို့ ပင်လယ်ရေကြောင်းမှ လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့ခြင်း၊ ရန်ကုန်-ကော့သောင်း-ရနောင်းခ ရီးစဉ်ဖြင့် သွင်းကုန်/ပို့ကုန်ဆောင်ရွက်နိုင်မှု၊ Transshipment ဖြင့် ကုန်သွယ်မှုမြှင့်တင်ခြင်း၊ ဘဏ္ဍာငွေရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုအပေါ် သုံးသပ်တင်ပြချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက နစက ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ စီးပွားရေးဦးတည်ချက် ၃ ရပ်တို့နှင့်အညီဆောင်ရွက်လျက်ရှိမှု၊ နစက ဥက္ကဋ္ဌ၏ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လအထိ ကုန်သွယ်မှုအခြေအနေများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လအလိုက်ကုန်သွယ်မှုအခြေအနေများ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိ ပို့ကုန်ဆိုင်ရာကုန်ပစ္စည်းအုပ်စုအလိုက် အမှန်တင်ပို့နိုင်မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိနှင့် ယခင်နှစ်အလားတူကာလ ပို့ကုန်အုပ်စုအလိုက်နှိုင်းယှဉ်ချက်၊ ပို့ကုန်အများဆုံးတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများနှင့် နိုင်ငံများ၊ ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် ဝါဂွမ်းတင်ပို့မှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မတ်လ ၁၂ ရက်အထိ အုပ်စုအလိုက် သွင်းကုန်ဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် သွင်းကုန်အများဆုံးတင်သွင်းခဲ့ရသည့် ကုန်ပစ္စည်းများကိုရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ Asia World Port Terminal – AWPT ဆိပ်ကမ်းတံတားအတွင်း ဆိပ် ကမ်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ် ဆေးခဲ့သည်။