ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် စားသုံးဆီကို အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးနေသလို ဆီဝယ်ယူခွင့်စာအုပ်များဖြင့်လည်း အိမ်ထောင်စုတစ်စုလျှင် (၃) ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
” စားသုံးဆီဈေးက ရန်ကုန်တိုင်းမှာတော့ ကျွန်တော်တို့ တော်တော်လေးကို ထိန်းသိမ်းပြီးတော့ ဆောင်ရွက်နိုင်တဲ့အပိုင်းလေး ကျွန်တော့်အနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်မှာလည်း အဲဒါမျိုးဖြစ်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့လည်း အသင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်တွေရှိပါတယ်” ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
ပြည်တွင်း၌ တစ်လလျှင် ပြည်ပမှတင်သွင်းသည့် စားသုံးဆီတန်ချိန် (၇၀,၀၀၀)အထိ တပြိုင်တည်း သိုလှောင်နိုင်မှုရှိပြီး လက်ရှိတွင် အများပြည်သူ စားသုံးမှုအတွက် တန်ချိန် (၃၄ ,၀၀၀) ဝန်းကျင်နှင့် စက်မှုလုပ်ငန်းသုံးအတွက် တန်ချိန် (၁၅, ၀၀၀) ခန့်ဖြင့် စုစုပေါင်းတန်ချိန် (၅၀,၀၀၀) ဝန်းကျင်သာ တင်သွင်းမှုရှိကြောင်း သိရသည်။