ရန်ကုန်မြို့တွင် ယနေ့ ညနေပိုင်းအချိန်အထိ မိုးထစ်ချုန်းရွာရန်ရှိနေ
ရန်ကုန်မြို့တွင် ယနေ့ ဧပြီ ၃ ရက်နေ့ ညနေပိုင်းအချိန်အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာရန်ရှိနေပြီး၊ ရွာရန် ရာခိုင်နှုန်းအားဖြင့် (၈၀)ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဋ္ဌာနမှ သိရသည်။
ယနေ့ ဧပြီ ၃ ရက် နံနက် ၂ နာရီ ဝန်းကျင်အချိန်ခန့်တွင် ရန်ကုန်မြို့နေရာအနှံအပြား လေပြင်းတိုက်၍ မိုးသဲထန်စွာ ရွာသွန်းမှု တစ်ခုလည်းဖြစ်ပွားခဲ့သေးသည်။
မြန်မာ့ပင်လယ်ပြင်တွင် အရှေ့ဘက်မှ လေပြင်တိုက်ခတ်မှုများကြောင့် မြေပြင်/ရေပြင်တစ်နာရီလျှင်မိုင် ၃၀ မှ ၅၀ မိုင်အထိတိုက်ခတ်နိုင်သည့်အတွက် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၆ ပေမှ ၉ပေခန့်နှင့် မြစ်ဝကျွန်းပေါ် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် လှိုင်းအမြင့် ၄ ပေမှ ၇ ပေအထိ ရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် မိုးရွာသွန်းမှု နှင့်ပတ်သက်၍ ယနေ့ ညနေတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး၊ ရွာရန်ရာခိုင်နှုန်း (၈၀) ရှိကြောင်း မိုး/ဇလ၏ နံနက် ၇ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။