ရန်ကုန်မှ ရုရှားနိုင်ငံ မြို့ ၃ မြို့သို့ နှစ်ဖက် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက်ကို နို၀င်ဘာလ ၁၆ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲ သို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာ ၁၆ ရက်တွင် ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ်၊ ရန်ကုန်- ကရာနိုရက်စ် နှစ်ဖက် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကိုလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airways International (MAI) ကလည်း နှစ်နိုင်ငံ အကြားခရီးစဉ်များကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် အဆိုပြုလွှာတင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံ၏ ရထားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
image_latest