ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီ ၁၈ မိနစ်ခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ သိမ်ချောင်းလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၅ နာရီ ၂၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၃၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှစ်ခုမှ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။