ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် စမ်းချောင်းမြို့ နယ်တို့တွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ မီးလောင်မှု(၂)ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အလုံမြို့နယ်၊ စောရန်ပိုင်(တောင်)ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်အချို့ နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွား၍ အလုံမြို့နယ်မီးသတ်စခန်း၊ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။
ထို့ကြောင့် နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် နေအိမ်အချို့ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၁ နာရီခွဲခန့်ကလည်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ အမှိုက်ပုံတစ်ခုတွင်မီးလောင်မှုဖြစ်ပွား၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။