ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဆီးချို သွေးချိုပညာပေးကုသဌာနများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအဖြစ် ကျင်းပသည့် နိုဝင်ဘာ ၁၄ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေရေးအတွက် ကျေးလက် ကျန်းမာရေး ဌာနများတွင် ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သော အခြေခံ ဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးခြင်း၊ လက်ရှိတွင် ဆေးခန်း ၇၅၁၆ ခု ဖွင့်လှစ်ထား ရှိခြင်း၊ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိ စေပြီး နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆီးချို သွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်မားစေရန်အတွက် ဆီးချို သွေးချိုပညာပေးကုသဌာန များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့အပြင် ဆီးချို သွေးချို ရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထားပြီး ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါ ထိန်းချုပ်ခြင်းဆိုင်ရာ အခြေခံအရေးကြီးသည့်အချက်များကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထုကို အသိပညာပေးရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထု စုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သေးသည်။