ရန်ကုန် ထန်းတပင်မြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် နာရီပိုင်းသာခြား၍ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွား
ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်၊ထိန်နှစ်ပင်ကျေး ရွာတွင် ဧပြီ ၄ ရက်(ယနေ့)နံနက်ပိုင်းက နာရီပိုင်းသာခြား၍ ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
အဆိုပါ ထိန်နှစ်ပင်ကျေးရွာသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့သွားသည့် လမ်းပေါ်၌တည်ရှိကာ နံနက် ၅ နာရီခန့်တွင် ကျေးရွာအတွင်းမှပေါက်ကွဲမှု ၁ ကြိမ်စတင်ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ထို့ပြင် နံနက် ၇ နာရီခွဲခန့်တွင်ပေါက်ကွဲမှု ဒုတိယအကြိမ်ထပ်မံဖြစ်ပေါ်ခဲ့ကာ နံနက် ၈ နာရီခွဲ၌လည်း တတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
အလားတူ ထိန်နှစ်ပင်ကျေးရွာအတွင်းရှိ နေရာတစ်ခုတွင် လေးကြိမ်မြောက်ပေါက်ကွဲမှုအဖြစ် နံနက် ၉ နာရီခွဲခန့်ကထပ်မံဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
“ပေါက်ကွဲသံ ၄ ကြိမ်လုံးက အသံအကျယ်ကြီးပဲ ကျွန်တော်တို့က ရွာစွန်ဘက်မှာနေတာဖြစ်တဲ့အတွက် ဘယ်နေရာတွေမှာပေါက်ကွဲတယ် ဘာ့ကြောင့်ပေါက်ကွဲတယ်ဆိုတာတွေမသိဘူး”ဟုထိန်နှစ်ပင်ကျေးရွာနေသူတစ်ဦးကပြောသည်။
နာရီပိုင်းသာခြား၍ပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့သည့် ထိန်နှစ်ပင်ကျေးရွာအား လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက ယာယီ အဝင်/အထွက်ပိတ်ကာစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။