ရန်ကုန်-မန္တလေးအမြန်လမ်း၌ ခရီးသည်တင်ကားမောင်းသူအိပ်ငိုက်၍ ရပ်ထားသည့်ကားအားနောက်မှဝင်တိုက် ၂ ဦးသေဆုံး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ စကားအင်းအမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့စခန်းအပိုင်တွင် မေ ၁၄ ရက်(ယနေ့)နံနက် ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ်-၃၃၅/၀ အနီးတွင် နေပြည်တော်ဘက်မှမန္တလေးဘက်သို့ ကုန်ပ စ္စည်းများတင်၍မောင်းနှင်လာသည့် ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် ကားမောင်းသူအိပ်ငိုက်ကာ လမ်းဘေး၌ရပ်ထားသည့် Counter ကားအားအနောက်မှဝင်တိုက်မိခဲ့သည်။
ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားပေါ်မှ အမျိုး သား ၂ ဦးမှာအခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်စဥ်အား စကားအင်းအမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးနှင့်သေဆုံးသူ ၂ ဦးတို့၏ ရုပ်အလောင်းများအား ဥမင်နာရေးကူညီမှုအသင်း၊ 192 လူနာတင်ကားတို့ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှလည်း ခရီးသည်တင်ကားမောင်းသူအား အမှုဖွင့်အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။