ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ရာသီပေါ်သီးနှံများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေရကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ယခုအချိန်တွင် ဖရဲ၊ သခွားမွှေး ပေါ်ချိန်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေး၌သာ အားထားရောင်းချနေရကြောင်း သိရသည်။
” သစ်သီးအများစုကို တရုတ်ပို့တာများတယ်။ မူဆယ်ဘက်လမ်းကြောင်းကလည်း မပွင့်တော့ မိုင်းလားဘက်ကနေပို့ရတယ်။ မိုင်းလားကနေသွားတော့လည်း သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် မတင်ပို့နိုင်ဘူး” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။
မြန်မာ့သစ်သီးဝလံပို့ကုန်တင်ပို့မှုအား တရုတ်ဈေးကွက်ကို အားထား တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ယခင်က မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅) မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ပြီးကိုဗစ်ကာလမတိုင်ခင် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း (၁၄၀) ဝန်းကျင်အထိ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။