ယူကရိန်းသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးဟု ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့က ယုံကြည်ကြောင်း သိရသည်။
“နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ မမျှော်လင့်ထားပါဘူး” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဆက်သွယ်ရေးအကြံပေး John Kirby က ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ အခြေအနေများကိုအခြေခံ၍ သတင်းထောက်များအတွက် ပုံမှန်အွန်လိုင်းရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှားသည် ယူကရိန်းအရေး ဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း မည်သည့်သဘောတူညီချက်များကိုမဆို ချိုးဖောက်ခံရခြင်းအား တားဆီးသွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ၎င်း၏နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း Lavrov က အလေးပေးပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေဆဲပါ။ ဒါပေမယ့် ပဋိပက္ခတွေရဲ့ မူရင်းဇစ်မြစ်ကို ဖြေရှင်းပြီး၊ သဘောတူညီချက် ချိုးဖောက်မှုတွေကို တားဆီးတဲ့ ယန္တရားတွေ ပါဝင်တဲ့ ယုံကြည်စိတ်ချရသော တရားဝင် သဘောတူညီချက်တွေကိုသာ ဆွေးနွေးနိုင်တယ်ဆိုတာကို အလေးပေးပြောကြားလိုပါတယ်” ဟု Lavrov က ပြောကြားခဲ့သည်။