ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ ပြင်ဆင်နေသည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မည်သည့် ရန်စောင်လာမှုမျိုးကိုမဆို တွန်းလှန်ရာတွင် အထောက်အကူပြုရန်အတွက် ရုရှားနျူကလီးယားလက်နက်များကို အသုံးပြုနိုင်ခြေအပါအဝင် မော်စကို၏ အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်ကို လုံခြုံရေးအာမခံချက်ပေးသည့် စာချုပ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဗလာဒီမာပူတင်နှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူကာရှန်ကိုက ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် တင်းမားမှုမြင့်တက်နေစဉ် ပထမဆုံးအကြိမ်အဖြစ် ဘီလာရုစ်ကို ရုရှားနျူကလီးယားထီးရိပ်အောက်ထားရှိမည့် ၎င်း၏ နျူကလီးယားမူဝါဒဆိုင်ရာ ပြန်လည်ပြင်ဆင်ချက်အရ ယင်း သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွနု်ပ်ရဲ့ ရန်သူတွေ၊ မိတ်ဆွေတွေနဲ့ ရန်ဘက်တွေအားလုံးကို သတိပေးထားပြီးဖြစ်ပါတယ်။ နယ်စပ်ကို ခြေချတာနဲ့ ချက်ချင်း အဖြေပေးပါလိမ့်မယ်” ဟု လူကာရှန်ကိုက ပြောဆိုခဲ့သည်။
ဘီလာရုစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် သဘောထားတင်းမာစွာဖြင့် အုပ်ချုပ်ထားပြီး ခရမ်မလင်၏ အထောက်အပံ့များအပေါ် မှီခိုထားသည့် လူကာရှန်ကိုသည် ၂၀၂၂ ခုနှစ်တွင် အိမ်နီးချင်း ယူကရိန်းသို့ ရုရှားတပ်များစေလွှတ်ရာတွင် သူ့နိုင်ငံနယ်နိမိတ်ကို အသုံးပြုခွင့်ပေးခဲ့သကဲ့သို့ နည်းဗျူဟာနျူကလီးယားလက်နက်အချို့ကို လက်ခံချထားခွင့်ပြုခဲ့သည်။
Ref: အေပီ