စင်္ကာပူ၊ မတ် ၂၆
စင်္ကာပူ၏ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင် (MPA) သည် ၂၀၂၅ တွင် ပင်လယ်ပြင်၌ ဓာတုဗေဒပစ္စည်း ယိုဖိတ်မှုတွင် ဓာတုဆေးမှုန့်အဆိပ်အတောက်များနှင့် မီးလောင်လွယ်သည့် ဓာတ်ငွေ့များကို ထိန်းချုပ်ရန် ရေပြင်အတွင်း ဓာတုပစ္စည်းများပျံ့နှံ့မှုများ ဖြစ်ပွားသောအခါ စုပေါင်းကာကွယ်လုပ်ဆောင်နိုင်သည့် တိုက်ရိုက်ထိန်းချုပ်မှု လုပ်ဆောင်နိုင်သော မောင်းသူမဲ့လေယာဉ်ငယ်များ(ဒရုန်း)ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး အေမီခေါ က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စင်္ကာပူရေကြောင်းရက်သတ္တပတ် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဒစ်ဂျစ်တယ် နည်းပညာသို့ ကူးပြောင်းရေး နှင့် ကာဗွန်လျှေချရေး ညီလာခံတွင် မိန့်ခွန်းပြောစဉ်က အေမီခေါသည် စင်ကာပူဆိပ်ကမ်းတွင် ဒရုန်းဝန်ဆောင်မှုများ တိုးချဲ့မည့် အစီအစဉ်များကို အထူးပြောကြားခဲ့သည်။ Maritime Drone Estate ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပြီး ရေကြောင်းဆိုင်ရာ အသုံးချမှုများအတွက် စမ်းသပ်မှုတစ်ခုအနေဖြင့် ပြုလုပ်ရာနေရာမှ ယခုအခါ ကုန်သွယ်မှုဝန်ဆောင်မှုများကို ပံ့ပိုးနိုင်သည့် နေရာအဖြစ်ပြောင်းလဲ လာမည်ဖြစ်သည်။ ၎င်းသည် အဝေးထိန်းစစ်ဆေးခြင်းနှင့် ကမ်းစပ်မှ သင်္ဘောသို့ကုန်ပို့ဆောင်ခြင်းကဲ့သို့သော စီးပွားဖြစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးမည်ဖြစ်သည်။
လုပ်သားအင်အား တိုးတက် ခိုင်မာစေရန် MPA သည် စင်ကာပူနိုင်ငံရှိ ပိုလီတက်နစ် နှင့် ပူးပေါင်း၍ မောင်းသူမဲ့ လေယာဉ် မောင်းသူများကို လေ့ကျင့်သင်ကြားပေးကာ ဒရုန်းစစ်ဆင်ရေးများတွင် အကောင်းဆုံး လေ့လာမှုအတွေ့အကြုံများကို မျှဝေပေးမည်ဖြစ်သည်။
ဉာဏ်ရည်တုနည်းပညာ အပါအဝင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနည်းပညာများသည် ဆိပ်ကမ်းလုပ်ငန်းများ၊ သင်္ဘောစီမံခန့်ခွဲမှုနှင့် ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများကို အသွင်ပြောင်းနေကြောင်း ခေါက မှတ်ချက်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း အပြန်အလှန်ချိတ်ဆက်ထားသော စနစ်များအပေါ် ပိုမိုမှီခိုအားထားမှုသည် ဆိုက်ဘာလုံခြုံရေးစိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေပါသည်။ ယင်းပြသာနာကိုဖြေရှင်းရန်အတွက် စင်္ကာပူသည် သင်္ဘောများ၊ ဆိပ်ကမ်းများနှင့် ကမ်းရိုးတန်းဝန်ဆောင်မှုပေးသူများအကြား ထိရောက်၍ လုံခြုံသော အချက်အလက်ဒေတာဖလှယ်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စံနှုန်းများကို သုံးစွဲရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
စင်္ကာပူသည် ဧပြီလ ၁ ရက်နေ့မှစတင်၍ အီလက်ထရွန်းနစ်ဘန်ကာများကို အပြည့်အဝအကောင်အထည်ဖော်နိုင်သည့် ကမ္ဘာ့ပထမဆုံးဆိပ်ကမ်းဖြစ်လာမည်ဖြစ်သည်။ ဘန်ကာရောင်းချသူများသည် ဒစ်ဂျစ်တယ်ဘန်ကာဝန်ဆောင်မှုများပေးကာ အီလက်ထရွန်းနစ်ဘန်ကာ ပေးပို့ခြင်းမှတ်တမ်းများကို ထုတ်ပေးရမည်ဖြစ်သည်။ သုံးစွဲသူများသည် စင်္ကာပူဆိပ်ကမ်းအာဏာပိုင် (MPA) က စတင်ဆောင်ရွက်သည့် ဘုံအတည်ပြုချက်အသစ်တစ်ခုမှ တစ်ဆင့် ထိုမှတ်တမ်းများကို သုံးသပ်၍ အတည်ပြုနိုင်မည် ဖြစ်သည်။
Ref: ရှင်းဟွာ