ရေစကြိုမြို့နယ်တွင် လမ်းအသုံးပြုကောက်ခံရေး Toll Gate ဝန်ထမ်းနားနေဆောင်များအားမီးရှို့ဖျက်ဆီး၍ မိုင်းဖောက်ခွဲကာ ငွေကျပ်သိန်း ၅၀ ခြိမ်းခြောက်ယူဆောင်ခံရ
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ကျောက်လှေကားကျေးရွာအနီးရှိ ပခုက္ကူ-ရေစကြိုသွားကားလမ်း ၏ ထွန်းညိုလူ ကုမ္ပဏီပိုင် လမ်းအသုံးပြုခကောက်ခံသည့် Toll Gate တွင် ဇွန် ၁၀ ရက်ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ယင်းနေ့ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူ-ရေစကြိုသွားကားလမ်း၏ လမ်းအသုံးပြုခကောက်ခံသည့် ထွန်းညိုလူ ကုမ္ပဏီပိုင် Toll Gate အနီးသို့ သေနတ်များကိုင်ဆောင်ထားသော လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်မှ ဆိုင်ကယ် ၁၀ စီး၊ကား ၁ စီးတို့ဖြင့် ရောက်ရှိလာခဲ့သည်။
ထို့နောက် အလုပ်လုပ်နေသည့် Toll Gate ဝန်ထမ်းအမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၅ ဦး၏ ဖုန်းများအားသိမ်းဆည်း၍ လမ်းဘေး၌မှောက်ခိုင်းထားကာ ဂိတ်အနီးရှိ ဝန်ထမ်းနားနေဆောင်များအား မီးရှို့ဖျက်ဆီး၍ မှန်များအားရိုက်ခွဲခဲ့ကြသည်။
ထို့ပြင် လမ်းအသုံးပြုခကောက်ခံရရှိ ငွေကျပ်သိန်း ၅၀ အားခြိမ်းခြောက်ယူဆောင်ပြီးနောက် ဂိတ်အတွင်းကားလမ်းပေါ်၌ မိုင်းထောင်၍ဖောက် ခွဲဖျက်ဆီးခဲ့ကြသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။