တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၅)သိန်း ချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စက်ရုံတည်ဆောက်နိုင်ရန်အတွက် လက်ရှိရေနံချက်စက်ရုံ(ခ)မှ အသုံးပြုနိုင်သည့် စက်ပစ္စည်းများအား ပြန်လည်ဆယ်တင်ပြုပြင်မွမ်းမံဆောင်ရွက်ခြင်း၊ ပထမအဆင့်အနေဖြင့် ဆယ်တင်စက်ပစ္စည်းများ ထည့်သွင်းအသုံးပြု၍ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန်ငါးသိန်းချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ် တည်ဆောက်နိုင်ရေးလုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ကုမ္ပဏီရှိတာဝန်ရှိသူများက တင်ပြခဲ့ကြသည်။
လက်ရှိစက်ရုံမှ ပြန်လည်ဆယ်တင်အသုံးပြုနိုင်မည့် စက်ပစ္စည်းများ၊ ရှိရင်းစွဲအခြေခံအဆောက်အအုံများနှင့် အရင်းအမြစ် (Utilities) များကို အတတ်နိုင်ဆုံးပြုပြင်မွမ်းမံ၍ ပြန်လည်အသုံးချပြီး စက်ရုံသစ်အား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံသစ်တည်ဆောက်မည့် မြေနေရာရှင်းလင်းခြင်း၊ စက်ရုံ၏ဒီဇိုင်းနှင့် ပုံစံတို့အား အတည်ပြု၍ စက်ပစ္စည်းများထုတ်လုပ်ခြင်း၊ စက်ပစ္စည်းများ လုပ်ငန်းခွင်ဧရိယာသို့ ပို့ဆောင်ခြင်း၊ စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း၊ သိုလှောင်ကန်များနှင့် ပိုက်လိုင်းကွန်ရက်များ ပြုပြင်တည်ဆောက်ခြင်း၊ ကုန်ကြမ်းရေနံစိမ်းသယ်ယူမည့် ပိုက်လိုင်းတည်ဆောက်ခြင်း၊ စက်ရုံလည်ပတ်ရေးအတွက် လိုအပ်သော စက်ရုံသုံးရေ၊ သဘာဝဓာတ်ငွေ့ရယူခြင်းနှင့် လျှပ်စစ်ဓာတ်အား လိုင်းတည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို သတ်မှတ်အချိန် ဇယားအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို တပြိုင်တည်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးကဆိုသည်။