မော်စကို၊မတ် ၂၁
ယူကရိန်းသည် ရေနံသိုလှောင်ရုံကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး စွမ်းအင်အခြေခံအဆောက်အဦဆိုင်ရာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားသည့် အမေရိကဘက်က ယူကရိန်းလုပ်ရပ်အတွက်တာဝန်ယူပေးသင့်သည်ဟုလည်း မော်စကိုနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ရုရှားနိုင်ငံတောင်ပိုင်းရှိ ရေနံသိုလှောင်ရုံကို ယူကရိန်းဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ယခုကဲသို့ပြောကြားခဲ့ခြင်းဖြစ်ကာ ကြာသပတေးနေ့ညနေပိုင်းကကြေငြာခဲ့သည့် ဒေသဆိုင်ရာအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ မီးငြှိမ်းသတ်ရန် ဆက်လက် ကြိုးပမ်း နေသည်ဟုလည်းသိရသည်။
အမေရိကန်သမ္မတသည် ယခုသီတင်းပတ်အတွင်း ရုရှားနှင့်ယူကရိန်းခေါင်းဆောင်များဖြင့် သီးခြားစီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်ဟုလည်းသိရသည်။
သမ္မတပူတင်နှင့်ဆွေးနွေးမှုအတွင်း ထရမ့်ပ်နှင့်ပူတင်က ထာဝရငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ရန် စွမ်းအင်နှင့်အခြေခံအဆောက်အဦ အပစ်အခတ်ရပ်စဲရေးမှစတင်ဖို့သဘောတူခဲ့ပြီး ဇလန်းစကီးနှင့်ထရမ့်ပ်ဆွေးနွေးမှုတွင်မူ စွမ်းအင်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို ယူကရိန်းသမ္မတကသဘောတူခဲ့သည်ဟုလည်းသိရသည်။
သို့သော် ၎င်းတို့နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်စွပ်စွဲပြစ်တင်လျက်ရှိကြပြီး ယူကရိန်းကမူ ရုရှားဘက်ကလည်း သမ္မတထရမ့်ပ်နှင့်သဘောတူပြီးမှ ဆေးရုံတစ်ရုံအပါအဝင် အရပ်သားအခြေခံအဆောက်အဦများကို တိုက်ခိုက်ခဲ့သဖြင့်ထိခိုက်မှုများရှိခဲ့သည်ဟုဆိုခဲ့သည်။
Source : ရှင်းဟွာ